Wednesday, May 30, 2012

အရှင်ဥပဂုတ္တ ဘယ်ကစ?


 2001 နှစ်မြတ်မဂ်လာပါ “အရှင်ဥပဂုတ္တ ရဟန္တာရုပ်တု”အကြောင်းသည် ပြည့်ပြည့်စုံစုံဖြစ်၍ မူရင်းအတိုင်း  ပြန်လည်တင်ပြပါသည်။


မြန်မာဗုဒ္ဓဘာသာ အိမ်တိုင်းမှာလိုလို  မြတ်စွာဘုရား လက်ဝဲဖက်မှာ အရှင်ဥပဂုတ္တ၊ လက်ယာဖက်မှာ အရှင် သီဝလိ မထေရ်ကို မြတ်စွာဘုရားနှင့်အတူ ကိုယ်ကွယ်တတ်ကြပါသည်။


အရှင်ဥပဂုတ္တ ရုပ်ထုပုံ အစဉ်အလာ

ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ်သည် ဦးခေါင်းတော်ကို မော့လျက် နေကိုကြည့်၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က သပိတ်တွင် နှိုက်လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့သို့ နေကိုကြည့်လျက် ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုး တင်ပလ္လင်ခွေ ထိုင်နေပုံကို ထုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

အရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ် ဘယ်ကစ?

မြန်မာ ဗုဒ္ဓဘာသာဝင်များသည် ရှင်လေးပါး၊ သေလေးပါးရှိသည်ဟု ယုံကြည်ကြပါသည်။ ဤရှင်လေးပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်တို့တွင် ပါရှိခြင်းမဟုတ်ပေ။ သို့ရာတွင် ရှေးရိုး ဘိုးဘွားမိဘပြောစဉ် ယုံကြည်မှုဖြစ်ကာ လူအများပင် ယုံကြည်ကိုးကွယ်ကြသည်မှာ အထင်အရှားပင်။

သို့ရာတွင် လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့ပါသည်။ ရှင်ဥပဂုတ်ကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ သရဲ စသည်တို့ မကပ်ရောက်နိုင်ခြင်း၊ ရောဂါကင်းခြင်း စသည့် အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ကြောင်း မှတ်သားမိပါသည်။

မဟာယာနကျမ်းတို့တွင်လာသော အရှင်ဥပဂုတ္တ
ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည် မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့ ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍမည်သော တောင်ကြီးရှိခဲ့၏။ တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍ တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည် ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။ ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့ တရားအားထုတ်ရန် မျောက်မင်းက လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ ကွယ်လွန်လျှင် ပစ္စေကဗုဒ္ဓါတို့က နံ့သာ၊ ထင်း စသည်တို့ဖြင့် သင်္ဂြိုဟ်ကြ၏။

ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့် သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို စောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော်မူခဲ့သည်။ အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။



 ထေရ၀ါဒကျမ်းလာ   အရှင်ဥပဂုတ္တ

(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ အောက်ပါအတိုင်း တွေ့ရှိပါသည်။
ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှာ ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟု ပါရှိပါသည်။

( ခ ) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို ၀ိုင်းဝန်းကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။

(ဂ) လောကပညတ္တိကျမ်းလာ အရှင်ဥပဂုတ္တ

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။

မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။

သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန် မာရ်နတ်မင်း၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန် မာရ်နတ်မင်း၏ အထူးထူးသော အန္တရာယ်တို့ကို တားဆီးလျက် မာရ်နတ်မင်းအားလည်း ဆုံးမတော်မူ၏-ဟု တွေ့ရှိရပါသည်။

ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို တွေ့မြင်ရပါသည်။ အထောက်အထားမှာ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေးပန်ချီတို့တွင် ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ သာသနာတော် ပြန့်ပွားရေးအတွက် ဆွေးနွေးနေပုံကို တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရ ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ ဖြစ်ကြောင်းကို သိရှိရပါသည်။

ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
အရှင်ဥပဂုတ္တ ရေလည်၌ စံတော်မူပုံ

ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။

ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌ အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မ ဉာပကပြု၍ မှတ်းသားလောက်အောင် ကျမ်းဂန်ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီးသည် စေတီရှစ်သောင်းလေးထောင် တို့ကို အနုမောဒနာပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက ထုတ်ဖော်ကြောင်း၊ မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရာ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှင်ဥပဂုတ္တထေရ် စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု ဗျာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးချေသည်-ဟူ၍ ဖော်ပြထားပါသည်။

အထက်ဖော်ပြခဲ့သည့် အထောက်အထား အကြောင်းအရာများအရ ရှင်ဥပဂုတ္တမထေရ်မြတ်ကို လူအများ ယုံကြည်ကိုးကွယ်ပူဇော်ကြသည်-ဟု ယူဆမိပါသည်။

ရှင်ဥပဂုတ္တ စသော ရှင်လေးပါး ပူဇော်ကန်တော့သည့် ဂါထာ-
ဒိန္နေ ဒိန္နေ နမာမဟံ ၊ ဥပဂုတ္တ မဟာထေရံ ။
မာရဗန္ဓန နိတေဇံ ၊ သက္ကောသရ သာရဒတ္တံ ။

မေဓရော စ မဟာထေရံ ၊ သောဏောဌာနံ အာဂစ္ဆတု ။
သဗ္ဗန္တရာယော ၀ိဓမိတွာန ၊ သုခံဒေတု ပုနပ္ပုနံ ။

( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )

ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၎။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊( ဓမ္မာစရိယ ဦးမောင်လင်း၊ ဆရာ ဇာဂရု )
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး)
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။

Monday, May 28, 2012

စိတ်ငြိမ်းချမ်းရေ ခရီးသည်များအတွက် လမ်းဖွင့်ထားသော မြန်မာပြည်....



သူတို့ရဲ့  သက်သက်သာသာ အလုပ်မှ အနားယူထားတဲ့ တစ်နေ့တာလုပ်ငန်း အချိန်ဇယားကို ကြည့်လိုက်ပါဦး  နံက် ၃-နာရီ အိပ်ယာမှထပြီး ည ၁၁-နာရိမှ အိပ်ယာဝင်ရတယ်။ မိတ်ဆွေများနဲ့ လုံးဝစကား မပြောပဲ တယောက်တည်း ငြိမ်သက်းခြင်းဖြင့်  တနေ့တာကို ကုန်လွန်စေပါတယ်။
ဒါကတော့  ရန်ကုန် မဟာစည် သာသနာ့ရိပ်သာမှာ နိုင်ငံခြား ယောဂီများရဲ့ တစ်နေ့တာ လုပ်ငန်း စဉ်ဖြစ်ပါတယ်။

မဟာစည်ဆရာတော် တည်ထောင်ထားတဲ့ မဟာစည်သာသနာရိပ်သာဟာ  မြန်မာဗုဒ္ဓဘာသာဝင်များ သက်သက်သာမဟုတ်ပဲ ဗုဒ္ဓရဲ့ တရားထိုင်နည်း စနစ်ကို လေ့လာလိုသူတိုင်းအတွက် အမြဲတမ်း တံခါးဖွင့်ကြိုဆိုနေပါတယ်။

အသက် ၂၃-နှစ်ရှိတဲ့ အမေရိကန် ခရစ်ယန် အမျိုးသမီး Kym Cole ရဲ့ တရားထိုင်းတဲ့ အတွေ့အကြုံကို မေးကြည့်တော့.. “  နေ့တိုင်း  တနေ့ကို ၁၀-နာရီးလုံလုံး တရားမှတ်ရတာဟာ ခက်ခဲ့ပေမယ့် အားထုတ်ရမယ်ဆိုတဲ့ ထူးခြားတဲ့ လုပ်ငန်းတစ်ခုအဖြစ်  ဖြည့်ဆီးခဲ့ပါတယ်။ ကျမ ခံစားရတာကတော့  ပြင်ပကမ္ဘာကို ရောက်နေသလို ခံစားရပြီး။ ကောင်းသော ပြင်ပကမ္ဘာတခုလို့ လည်းခံစားရပါတယ်။

Kym Cole ဟာ  နှစ်ပေါင်း တော်တော်ကြာ သီးခြားကမ္ဘာဖြစ်နေပြီး လတ်တလော ကမ္ဘာလှည့် ခရီးသည်ကို တံခါးဖွင့်ပေးတဲ့ မြန်မာပြည့်ရဲ့  ဓမ္မအတွေ့အကြုံတွေကို လေ့လာခွင့်ရတဲ့ ထောင်ပေါင်း များစွာသော ကမ္ဘာလှည့်  ခရီးသွားများထဲမှာ တဦးဖြစ်ပါတယ်။
မြန်မာပြည်မှာ နိုင်ငံခြား ယောဂီများ စာရင်း အတိအကျ ပြုစုထားခြင်းမရှိပေမယ့် လွန်ခဲ့သော ၄-နှစ်လောက်ကနှင့် နိုင်းယှဉ်လျှင် နိုင်ငံခြား ယောဂီဦးရေး နှစ်ဆတက်လာတယ်လို့ဆိုပါတယ်။  ကမ္မဋ္ဌာန်း ရိပ်သာများဟာလည်း နိုင်ငံခြားယောဂီးများ တိုးပွားလာမှုပေါ်မူတည်ပြီး  ယောဂီများရဲ့ စာဝတ်၊နေရေးကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

ဘားမားလို့ ထင်ရှားတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာလူမှုအဖွဲ့အစည်းတွေ ၊ ရဟန်းသံဃာတွေနဲ့  ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီပုထိုးများဟာ မြန်မာနိုင်ငံရဲ့ အမှတ်အသား တစ်ခုပါပဲ။

ရှေးပုဂံခေတ် ကတည်းက စေတီပေါင်း တစ်သောင်းကျော် တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ရပြီး စေတီပေါင်း နှစ်ထောင်ကျော်ဟာ ယခုထက်တိုင် တည်ရှိနေပါသေးတယ်။ အချို့မြန်မာ ကလေးငယ်များဟာ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာစာ အရေး၊အဖတ်သင်ကြားနေရပြီး၊ များသော အားဖြင့် ဗုဒ္ဓဘာသာပညာရေးကို ကလေးဘဝပညာရေးအဖြစ် လေ့လာ သင်ကြားပေး နေပါတယ်။ 
Kym Cole ဟာ  ၃-လာကြာ  ကမ္ဘောဒီယား ကမာကုရ ဘုရား အဖွဲ့နှင့် လေ့လာမှုပြုလုပ်ပြီးနောက် သူမကိုယ်တိုင် စိတ်ကို ရှင်းရှင်လင်းလင် ကြည်လင်အောင်ပြုလုပ်ချင်ပါသေးတယ်လို့ ဆိုပါတယ်။  Kym Cole ဟာ မြန်မာနိုင်ငံ  ပြင်ပကမ္ဘာကို တခါးဖွင့်ပြီး ကြီးကြီးမားမာ ပြောင်းလဲမှု မဖြစ်ခင် ဝိပဿနာ ယောဂီ ခရီးသည် တစ်ယောက်အဖြစ် အတွေ့အကြုံတွေ အများကြီးလေ့လာ ချင်ပါတယ်လို့ ဆိုပါတယ်။

“ခရီးသွားတွေဟာ နိုင်ငံကို အကြီးအမား ပြောင်းလဲစေနိုင်ပြီး ကျမရဲ့  စိတ်ကို စွဲကျန်စေတဲ့အရာ ကတော့ မြန်မာနိုင်ငံရဲ့ ယုံကြည်ကိုးကွယ်မှုဟာ အချိန်ပိုင်းအတွင်းမှာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုများက လွမ်းမိုးပြီး ပျောက်ကွယ်သွားမှာ ဆိုတာပါပဲ။”

Kym Cole ဟာ မြန်မာပြည်  နှစ်ပေါင် ၂၀ ကျော် စစ်တပ်က ရက်ရက်စက်စက် အုပ်ချုပ်စဉ်ကာလ က မြန်မာပြည်ကို သွားရောက်ခြင်းမရှိခဲ့ပါဘူး။ “ ကျမ မြန်မာပြည်မှာ ရှိနေခြင်းဟာ စစ်အစိုးရကို   ထောက်ခံရာ အားပေးရာ ရောက်လို့ပါတဲ့”

မြန်မာ့အတိုက်ခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ ပါလီမန်မှာ ဒီလ စောစောပိုင်းက နေရာ ရလာခြင်းက  နှစ်ပေါင်း ၂၀-ကျော်ကြား ဒေါ်အောင်ဆန်းစုကြည်ကို   နေအိမ် အကျယ်ချူပ်ချထာတဲ့ စစ်အစိုးရကို ထောက်ခံအားပေးဖို့  နိုင်ငံခြား ခရီးသွားတွေကို အချက်ပြလိုက် သလိုပါပဲ။ 

ဒါပေမယ့် အသစ်တက်လာတဲ့ အရပ်သားအစိုးရ ပြီးခဲ့တဲ့နှစ်က ကျမ်းသစ္စာကျိမ်ဆိုပြီးသော်လည်း စစ်တပ်ရဲ့  သြဇာသက်ရောက်မှုက ရှိနေဆဲပါပဲ။ သို့သော်လည်း  ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခြင်းက  နိုင်ငံခြား ခရီးသွားတွေရဲ့ စိတ်ပျက်မှုကို လျှော့ကျစေပါတယ်။

မြန်မာပြည် မဟာစည်သာသနာရိပ်သာမှာရှိတဲ့ ဆရာတော် အရှင်ဝေဠုရိယ အမိန့်ရှိတာကတော့               “ မဟာစည် တရားရိပ်သာတွေ  အမေရိကနဲ့ ဥရောပနိုင်ငံများမှာ ထင်ရှားပြီး ဋ္ဌာနခွဲပေါင်း ၅၀-ကျော် ရှိတယ်။ သို့သော်လည်း ယခုလက်ရှိအခြေအနေအရ နိုင်ငံခြား ယောဂီများဟာ မြန်မာနိုင်ငံကို လာပြီး လက်တွေ့ အတွေ့အကြုံကို လာရောက်ယူနေတယ်” လိုဆိုပါတယ်။

ဆရာတော် ထပ်မံအမိန့်ရှိတာကတော့ .. ဝိပဿာနာ ပွားများဖို့မှာ ဘာမှ ထူးထူးခြားခြာ စိတ်ပိုင်းဆိုင်ရာ အသိအမြင်ရှိဖို့ မလိုအပ်ပါဘူးလို့် အမိန့်ရှိပါတယ်။

“ မိမိကိုယ်ပိုင် ဝိပဿနာ ဘာဝနာပွားများမှုဟာ ဗုဒ္ဓဘာသာများအတွက် သီးခြားမဟုတ်ပဲ လူသား အားလုံး အတွက်ဖြစ်ပါတယ်။ ဆရာတော်ပြောတာက “ ဝိပဿနာ ဘာဝနာပွားများခြင်းဖြင့်  ဘဝမှာ တကယ့် ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာမယ်။ တကယ့် ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်မယ်။  ဘဝကိုရဲ့ အဓိပ္ပါယ်ကို နားလည် သဘောပေါက်မယ်” လို့အမိန့်ရှိပါတယ်။  


http://religion.blogs.cnn.com/2012/05/25/as-myanmar-opens-up-spiritual-tourists-journey-in/#comments
ကိုဘာသာပြန်ပါသည်။

Friday, May 25, 2012

သူရဿတီမယ်တော် ဘယ်ကစ.?

ကျောင်းသားဘဝက .. စာမေးပွဲအောင်ဖို့ သူရဿတီဂါထာကို အကြိမ်ကြိမ်ရွက်ဆိုခဲ့ဖူးပါတယ်။ ရွတ်ဆိုလို့လား ကိုယ့်အားထုတ်မှုကြောင့်လား ရှင်းရှင်လင်းလင်းတော့ မပြောတတ် စာမေးပွဲတွေလည်း အလီလီအောင်မြင်ခဲ့ဖူး ပါတယ်။ ထူးဆန်းတာက ယုံကြည်မှုရှိလာရင် ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. စွမ်းအားတွေ ၊ သတ္တိတွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အသက်အရွယ်အရ စဉ်စားတတ်တဲ့ အချိန်ရောက်မှ သူရဿတီ ဘယ်ကစလို့ ကိုးကွယ်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

သူရဿတီဆိုတာ အန္ဒိယသူပါ… အိန္ဒိယသူဆိုပေမယ့် တကယ့် လူသားစင်စစ် မဟုတ်ပါဘူး မြစ်တတစ်ရဲ့ အမည်နာမပဲဖြစ်ပါတယ်။ အဲဒါကိုပဲ အမျိုးသမီးပုံလှလှလေးနဲ့ ဟင်္သာပေါ်မှာ ပိဋကတ်သုံးပုံကိုင်ပြီး ၊ စာပေစောင့်နတ်ဟုဆိုကာ မည်သူက ပါဠီဖြင့် တီထွင်လိုက်သည်မသိ သူရဿတီဂါထာ
 ( စာမေးပွဲ အောင်ဂါထာဆိုပြီး ) မြန်မာပြည်မှာ ထင်ရှားပါတယ်။

မြန်မာတို့ရဲ့ သူရဿတီ
သူရဿတီ ဘယ်ကစ ?

ဗြဟ္မဏဝါဒမှာ ဝေဒကျမ်းလာ .. ဝေဒလေးပုံရှိပါတယ်။  
1.ရိဂ်ဝေဒ ( Rig Veda)
2.ယဇုဝေဒ ( Yajwar Veda)
 3. သာမဝေဒ ( Sama Veda)
4. အာထဗ္ဗဏဝေဒ (Athave Deda)
သူရဿတိအကြောင်းကို ဣသျှဝေဒခေါ် (ဣရုဝေဒ) ထဲမှာ စတင်ပါဝင်တာကို   လေ့လာတွေ့ရှိရပါတယ်။

အဲဒီဝေဒကျမ်းမှာနက္ခတ်ပညာ၊ ဗေဒင်ပညာသာမက ရှေးအရိယာန်မျိုးနွယ်စုတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊  အတွေးအခေါ်တွေ အများဆုံးပါဝင်နေပါတယ်။

သူရဿတိအကြောင်းပါဝင်တဲ့ ရိဂ်ကျမ်းဟာ ရှေးအလွန်ကျပြီး သက်မဲ့ တော၊တောင်၊ ရေ၊မြေ လေ၊ မီး၊ မိုးကောင်းကင်၊ လျှပ်စီး၊ နေ၊ နက္ခတ်၊ တာရာစတဲ့ သက်မဲ့ အဝိညာဏကတွေကော ၊ လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ ရွံခြင်း စတဲ့ စိတ္တဇနာမ်တွေကိုပါ သက်ရှိနတ် ဒေဝတာတွေ၊ ဒေဝီတွေ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြစ် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ ခေတ်လောက်က စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

သမိုင်းပညာရှင်များကတော့ ဘီစီနှစ်ထောင် ဝန်ကျင်းလောက်မှာ “ရိဂ်ဝေဒ” ကျမ်း စတင်ပေါ်ပေါက်လာကြောင်း ခန့်မှန်းကြပါတယ်။
သဘာဝတရားအားလုံးလိုလို နတ်ဘုရားတွေ အဖြစ်ယူဆပြီး စိတ်ကူယဉ် နာမည်မျိုးစုံနဲ့ ထောပနာပြုတဲ့ လင်္ကာ ၊ ဂါထာပေါင်း ( ၁၀၂၈) ပုဒ်အထိ ရိဂ်ကျမ်းမှာ ပါဝင်တာတွေ့ရပါတယ်။ စိတ်ကူးယဉ်နတ်သား ၊ နတ်သမီးတွေမှာတောင် အဆင့်အတန်းသတ်မှတ်တဲ့အခါ နတ်သမီးများက တန်းခိုးအနိမ့်ဆုံး နတ်သားများနှင့် တန်းတူသတ်မှတ်ကြပါတယ်။ နတ်သမီးတွေ အဆင့်နိမ့်တဲ့ အထဲမှာ သရသွတီ
( Saraswati) ဆိုတဲ့ မြစ်နတ်သမီးလည်း ပါဝင်ပါတယ်။

သူရဿတီ အမျိုးသမီးဖြစ်ရခြင်း…

သက္ကတကျမ်းအရ.. မြစ်၊ချောင်းတို့ကို ဣတ္ထိလိင်အဖြစ်သတ်မှတ်ထားလို့ မြစ်တစင်းရဲ့ အမည်ဖြစ်တဲ့ သူရဿတီကိုလည်း အမျိုးသမီးအဖြစ် ထုလုပ်ကိုးကွယ်လာရခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်သဒ္ဒါမှာ သင်္ဘောနဲ့ပတ်သတ်ပြီး သူ ( He / His) လို့မသုံးပဲ၊ (She/ Her) လို့သုံးသလိုပါပဲ။  ဒါကြောင့် အိန္ဒိယပြည် အနောက်မြောက်ဘက် ပန်ဂျပ်နပ် ( Panjub) ပြည်မှာရှိတဲ့  သရသွတီမြစ်ရဲ့ မြစ်စောင့်နတ်ဟာလည်း သရသွတီ (ခေါ်) သူရဿတီနတ်သမီး ဖြစ်လာရပါတယ်။

ရိဂ်ဝေဒကျမ်းမှာ ဣန္ဒုမြစ်ကို ချီမွမ်းထောပနာတဲ့ ဂါထာတစ်ပုဒ်။ဝိပါနဲပသုတုဒ္ဒိချောင်းတို့ကို ချီးမွမ်းတဲ့ ဂါထာတပုဒ်၊ သုတုဒ္ဒီချောင်းကို ချီးမွမ်းထေားပနာတဲ့ဂါထာ တပုဒ်နဲ့ သရသွတီမြစ်ကို ချီးကျူးထောပနာတဲ့ ဂါထာသုံးပုဒ်ပါဝင်နေတာ လေ့လာတွေ့ရှိရပါတယ်။

ရှေးခေတ် အီဂျစ်တွေက သူတို့ လယ်ယာစိုက်ပျိုး အသက်မွေးမြူနိုင်အောင် ၊ လမ်းပမ်း ဆက်သွယ်သွားလာနိုင်အောင် ၊ ကောင်းကျိုးပြုနေတဲ့ နိုင်းလ်မြစ်ကြီးကို (Father Nile ) အဖြစ် တင်စာ သတ်မှတ်သလိုဖြစ်ပါတယ်။ အဲဒီခေတ်တုန်းကဆို ဖခင်နိုင်းလ်ကို ယဇ်ပူဇော်ပသတဲ့ အနေနဲ့ မိန်းမပျိုလေးတွေကို နိုင်းလ်မြစ်ထဲ အရှင်လတ်လတ် ရေနှစ်သတ်ခဲ့ကြတာ လေ့လာကြည့်ရင် မြစ်၊ ချောင်းတွေကို ကိုးကွယ်ထားတာ တစ်ကမ္ဘာလုံးလိုလိုဖြစ်ခဲ့တာလို့ သတ်မှတ်နိုင်ပါတယ်။

အန္ဒိယမှာဆိုရင်  အခုခေတ်တိုင်အောင် သူတို့ရဲ့ ကျေှးဇူးရှင် ဂင်္ဂါမြစ်ကြီးကို မိခင်ဂင်္ဂါ ( Mother Ganges) အလေးအမြတ်ပြုနေတုန်းပါပဲ။ ရှေးဟောင်း  အာရိယန်တွေကလည်း သူတို့ခြေချရာ ပန်ဂျပ်နယ် တစ်ဝိုက်က ဂျမ္မနားမြစ်နဲ့ ဆတ္တလက်မြစ်တိုအကြားမှာရှိပြီး မြေဆီးသြဇာ ကောင်းမွန်တဲ့ မြစ်ဝှမ်းနဲ့ ရေးကိုပေးစွမ်းနိုင်တဲ့ သွရသတီမြစ်ကို အလေးအမြတ်ပြုခဲ့တာဖြစ်ပါတယ်။

ရိဂ်ဝေဒကျမ်းထဲက ဓမ္မလင်္ကာတပုဒ်မှာ.. သရသွတီကို.. “မိခင်များ ၊ မြစ်များ ၊ နတ်သမီးများအနက် အမြင့်မြတ်ဆုံးဖြစ်သည်။ မပြတ်ယိုစီးနေသော သူမ၏သားမြတ်သည် အမျိုးမျိုးသော စီးပွားချမ်းသာ တိုကို ပေးကမ်း၏ ။ စည်းစိမ်ဥစ္စာ အစာအာဟာရ ၊ သား၊သမီးတို့ကိုလည်း ပေးကမ်း၏။ ဟု ချီးမွမ်းထောပနာတာကို လေ့လာတွေ့ရှိရပါတယ်။ စီးဆင်းနေတဲ့ သရသွတီမြစ်ရေအလျဉ်ကို သရသွတီနတ်သမီးရဲ့ သားမြတ်ကယိုစီးလာတဲ့ နိုးရည်ပမာ တင်စားပြီး ချီးမွမ်းထာပနာပြုကြပါတယ်။

သရ… ဆိုတာ “ အားကိုးမြတ်နိုး သတိရထိုက်သူ” သွတီဆိုတာ   “သစ္စာရှိသူ” လို့တောင် အဓိပ္ပါယ်ဖွင့်ဆိုကြပြီး။ သရသွတီကို အားကိုးထိုက်တဲ့ သစ္စာရှင်နတ်သမီးအဖြစ် ယုံကြည်ကိုးကွယ် လားတာနဲ့အမျှ အဲဒီခေတ်က မြစ်ကမ်းပါးမှာ သရသွတီနတ်သမီး ပူးဇော်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အဲဒီအလေ့အထ အဆက်အနွယ်ကြောင့် နီပေါနိုင်ငံမှာ တစ်နှစ်မှာ တစ်ရက် သရသွတီပူဇော်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပကြတာကို လေ့လာတွေ့ရှိရပါတယ်။

အိန္ဒိယ သူရဿတီမယ်တော်


သရသွတီ နှင့် သူရဿတီ

ဝေါဟာရတ္ထဒီပနီမှာ “ မြန်မာဘာသာ သူရဿတီ နတ်သမီးခေါ်ကြသည်မှာ အမရကောသအဘိဓာန်ကျမ်းတွင် ဗြဟ္မီ- ဗြဟ္မာ၌ဖြစ်သော သူရဿတီနတ်၊ ဘာရတီ - စကားကို ဝေဖန်တတ်သော သူရဿတီနတ်၊ သရသွတီ - ရေအိုင်နေရာ၌ သူရဿတီနတ်ဟူ၍ ပရိယာယ် သုံးပုဒ်ပြ ထားတာကို   လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် သရသွတီနှင့် မြန်မာတွေခေါ်ဝေါ်နေတဲ့ သူရဿတီ အတူတူဟုမှတ်ရပါမယ်။

ဗြဟ္မဏကျမ်းဂန်တွေ ထွန်းကာတဲ့ ခေတ်မှာတော့ သူရဿတီဟာ သာမန်မြစ်စောင့် နတ်သမီးတပါး အဖြစ်သာ မဟုတ်တော့ပဲ လောကရဲ့ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ ခွင့်ပြုချက်အရ ဝေဒလေးပုံအပါအဝင် လောကရဲ့ ဘာသာစကားအားလုံးကို ဖန်ဆင်းပေးခဲ့သူအဖြစ် အမွှမ်းတင်ရေးသာလာကြပါတယ်။
  • စကားဆိုင်ရာမှာ ကြွမ်းကျင်တဲ့ နတ်သမီး။
  • ဝိဇ္ဖာ၊သိပ္ပံပညာ၊ အနုသုခုမပညာအရပ်ရပ်ကို ပေးစွမ်းနိုင်တဲ့ နတ်သမီး။
  • ပူဇော်ကိုးစားသူအပေါင်းကို ကောင်းမြတ်ချိုသားသော စကားကိုသာ  ပြောဖြစ်အောင်၊ ပီယသိဒ္ဓိ သျှိုပြီးအောင်၊ စောင့်မနိုင်တဲ့ နတ်သမီးအဖြစ် အလွန်အကြူး ချိမွမ်းဖွဲ့ဆိုခဲ့ကြပါတယ်။
သူရဿတီမယ်တော်နှင့်ပတ်သတ်လို့ ဟိန္ဒူရှေးဟောင်းကျမ်းတွေ တစ်ခုနှင့်တခု အဓိပ္ပါယ်ကွဲလွဲ နေတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဥပမာ ဣရုဝေဒဏ္ဏဝကျမ်းမှာ ဗိဿနိုး၊ သီးဝ ၊ မဟာဗြဟ္မာ ဟူသော နတ်မင်းကြီးသုံးပါတို့၏ အလုပ်အကျွေးမိဖုရားတို့ကား လက်ချမီး ၊ ပါရဒေဝီ၊ သူရဿတီ အစဉ်းအတိုင်း သိအပ်၏ ဟုဆိုပြန်ပါတယ်။

သူရဿတီ ကိုးကွယ်မှု ထေရဝါဒသို့ ထိုးဖောက်ဝင်ရောက်လာပုံ

ဗုဒ္ဓသာသနာ မထွန်းကားခင်ကတည်းက ဗြဟ္မဏဝါဒဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ အင်ဒိုချိုင်းနာ ကျွန်ဆွယ်ဒေသတဝိုက် သီရိလင်္ကာ ၊ မြန်မာ ၊ ထိုင်း ကမ္ဗောဒီးယား ၊ လာအို၊ မာလာယု၊  ဆူမတြာ၊ ဂျဗား၊ စင်ကာပူ ၊ စသည်တို့မှာ တစ်ဒေနသနှင့် တစ်ဒေသ ကူးလူးဆက်ဆံရာက အန္ဒိယနွယ်ဖွား ဗြဟ္မဏဘာသာဝင်တွေဆီက ဝေဒကျမ်းလာ နတ်ကိုးကွယ်မှု အလေ့အထတွေ ပါသည်ဟုဆိုကြပါတယ်။

ဒါကြောင့် ပုဂံခေတ်က ကိုးကွယ်ကြတဲ အတွင်း ( ၃၇) မင်းထဲမှာ ယခုလက်ရှိမြန်မာတွေ ကိုးကွယ်နေတဲ့ သူရဿတီ မယ်တော်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူရဿတီကို နတ်ဝတ်တန်ဆာဆင်ပြီး လက်နှစ်ဘက်မှာ ကြာပန်းကိုင်လို့ ဟင်္သာငှက်ပေါ်မှာ ထိုင်ဟန်ကို ထုလုပ်ကိုးကွယ်ကြပါတယ်။  တချို့ဗြဟ္မဏ အိမ်တွေမှာ သူရဿတီကို ဟင်္သာမစီးပဲ ဒေါင်းငှက်စီးပြီး လက်တဖက်က စာအုပ်ကိုကိုင် ၊ နောက်လက်တဖက်က စောင်းကို ကိုင်တဲ့ပုံကိ ပူဇော်ကြကိုလည်း လေ့လာတွေရှိရပါတယ်။ သူတို့အဆိုအရ .. စောင်းက အနုပညာ၊ စာအုပ်ကတော့ -- ဝိဇ္ဖာသိပ္ပံပညာကို ရည်ညွန်းပါတယ်။

ဗြဟ္မဏဝါဒီတွေက သူတို့ရဲ့ ကျမ်းစာအတိုင်း သူရဿတီကို အိန္ဒိယယဉ်ကျေးမှုနှင့်အညီ ရေးဆွဲထုလုပ် ကိုးကွယ်လာကြသော်လည်း ဘုမသိဘမသိတဲ့ မြန်တွေကတော့ စာပေကို အစိုးရသော နတ်သမီး၊ ပိဋကတ်သုံးပုံကိုစောင့်သောနတ်သမီးဆိုပြီး ပြောင်းလဲ ထုလုပ်ကိုးကွယ်လာကြပါတယ်။ နောက်ပိုင်း ဟိန္ဒူာယဉ်ကျေးမှုမှလဲ သူရဿတီကို မြစ်တစစ်ရဲ့ အမည်သက်သက်သာမဟုတ်တော့ပဲ ဝိဇ္ဖာ၊ ဥာဏ်ပညာအရာမှာလည်း အလေးထားကိုကွယ်လာကြလို့ ဟိန္ဒူစာသင်ခန်းတွေမှာ သူရဿတီပုံကို ချိပ်ဆွဲထား တာကိုလေ့လာတွေ့ရှိရပါတယ်။ အဲဒီယဉ်ကျေးမှုရဲ့ စီးဝင်မှုကြောင့် မြန်မာတွေကလည်း သူရဿတီ မယ်တော်ကို ပိဋကတ်သုံးပုံစောင့် နတ်သမီးအဖြစ်ကိုးကွယ်လာကြတာပါ။

အမှန်အားဖြင့် .. ပိဋကတ်သုံးပုံကို ထိမ်းသိမ်းစောင့်လာသူများမှာ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်များပင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဗုဒ္ဓဘာသာ သမိုင်းနှင့် ဝင်သိန်းဦး၏ သူရဿတီဆိုသည်မှာ ကို အကျဉ်းတင်ပြပါသည်။

Wednesday, May 23, 2012

ဗုဒ္ဓတို့ရဲ့ ဖြစ်ရိုးဖြစ်စဉ် ( ဗုဒ္ဓဝံသအဋ္ဌကထာ)


  • 1.    နောက်ဆုံး အလောင်တော်ဟာ မယ်တော်ဝမ်းမှာ ပဋိသန္ဓေနေ
  • 2.    မယ်တော် ဝမ်းမှာ တင်ပျဉ်ခွေ ရှေ့ကို မျက်နှာပြုနေရတယ်။
  • 3.    မယ်တော်ဟာ အလောင်းတော်ကို ရပ်ပြီးဖွား
  • 4.    တောအရပ်မှာ ဖွား
  • 5.    ဖွားလျှင်ဖွားချင်း မြောက်က်သို့ ခုနှစ်ဖဝါး လှမ်းပြီး သီဟနာဒ ကြုံးဝါရတယ်။
  • 6.    နိမိတ်ကြီးလေးပါ မြင်ပြီ သားတစ်ယော်ရမှ တောထွက်ရ
  • 7.    ကြာသင်္ကန်းဖြင့် အနည်းဆုံး ဒုက္ကစရိယာ အနည်းဆုံး  ခုနစ်ရက်ကျင့်ရတယ်။
  • 8.     ဘုရားဖြစ်မယ့်နေ့ နို့ဃနာဆွမ်း ဘုဉ်းပေး
  • 9.    မြတ်ခင်းပေါ်မှာ ဘုရားဖြစ်ရတယ်။
  • 10. ဗောဓိပုလ္လင်ပေါ်မှာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းရ
  • 11. မာရ်စစ်သည်ကို အောင်မြင်ရ
  • 12. ဗောဓိပလ္လင်ထက်မှာ ဝိဇ္ဖာသုံးပါရ
  • 13. သတ္တသတ္တာဟ စံတော်မူ
  • 14. တရားဟောရန် ဗြဟ္မာတောင်းပန်
  • 15. ဓမ္မစကြားတရားဦးဟော
  • 16. တပိုတွဲလမှာ သြဝါဒပါတိမောက်
  • 17. ဇေတဝန်ကျောင်းမှာ အမြဲနေ
  • 18. သာဝတ္ထိမြို့ တခါးမှာ တန်ခိုးပြ
  • 19. တာဝတိံသာမှာ အဘိဓမ္မာဟော
  • 20. သင်္ကဿမြို့တံခါးသို့ တာဝတိံသာက ဆင်း
  • 21. ဖလ သမာပတ်ဝင်စားရ။
  • 22. ကျွတ်ထိုက်သော ဝေနေယျတို့ကို ကြည့်ရ
  • 23. အကြောင်းပေါ်လျှငိ ဝိနည်းပညတ်ရ
  • 24. အကြောင်းဖြစ်လျှင် ဇာတ်တော်ဟောရ
  • 25. ဆွေးမျိုးအစည်းအဝေးမှာ ဇာတ်တော်ဟောရ
  • 26. အာဂန္တုကရဟန်းများနှင့် ပဋိသန္ဓာရ စကားပြော
  • 27. ဒါယကာတို့ကပင့်၍ ဝါကျွတ်သောအခါ ပန်ကြားပြီးမှ သွားရ
  • 28. ဗုဒ္ဓကိစ္စ ပါးပါးကို ပြုရတယ်။
  • 29. ပရိနိဗ္ဗာန် ဝင်စံမည့်နေ့ သားပြွမ်းဆွမ်းကို ဘုဉ်းပေးရ။
  • 30. ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်ကို ဝင်စားပြီး ပရိနိဗ္ဗာန်ပြု။

Thursday, May 17, 2012

လမ်းလျှောက်ရင်း လမ်းပျောက်သွားသော ညီငယ်တစ်ယောက် အကြောင်း



တစ်…နှစ်..သုံး… ဆင်း….
ဝုန်း..ဝုန်း…ဝုန်း….။

တစ်…နှစ်..သုံး… ပြန်တက်..
ဝုန်း..ဝုန်း..ဝုန်း…..။

အထက်ပါအမိန့်ပေးသံနှင့်ကျွဲအုပ်.. နွားအုပ်ပမာ..
 ရေတစ်အိုင်တည်းမှာ ရေးချိုး နေသူတွေကတော့  တောင်ငူ ရဲဖက်စခန်းမှာ ထောင်ကျနေသာ စာရေးသူရဲ့ ညီငယ်နှင့် ရဲဘော်၊ရဲဘက် အယောက် ( ၅၀) ခန့်တို့ရဲ့ အလုအယက် ရေးချိုးဆင်းသံ ၊ ရေချိုးပြီး သုံးမိနစ်ခန့်လောက်မှာ   ကုန်းပေါ်သို့   ပြန်တတ်သံ တို့ပင်ဖြစ်ပါသည်။

ရဲဖက်စခန်းမှာ ရောက်နေသော ထောင်သားများသည်၊ အုပ်စုလိုက် ကျောက်မိုင်းများခွဲအပြီး နေ့လည် (၁၂) နာရီလောက်မှာ တချိန်တည်း ရေကန်ထဲမှာ ကျွဲ၊နွားပမာ ရေချိုးရသည်။  ဆပ်ပြာမပါ၊ ကိုယ်လဲ အဝတ်မပါ ၊ ထောင်အဝတ်အစား ပိတ်ဖြူနှင့်သာ   ရေချိုးရပါသည်။  ရဲဖက်စခန်းမှာ   ထောင်သားများ   ကျောက်မိုင်း ခွဲနေစဉ် ခို၊ကပ်တဲ့ ထောင်းသားများအား ဆုံးမဖို့ ထောင်းသား အချင်းချင်း လူမိုက်မွေးပြီး အရိုက်နှက် ခိုင်းတာတွေလည်း   တွေ့မြင်ရသည်။ ဒါကြောင့် ထောင်းသားများဟာ၊ နီးရာဒုတ်ကော ၊ ထောင်မှုးကိုပါ ချီးပါအောင် ကြောက်ရသည်။

တက်..ဆို နောက်ကျလို့်မရ.. အမြန်တက်ရသလို .. ဆင်းဆိုလဲ နောက်ကျလို့မရ.. အမြန်ဆင်းရ၊ တက်ရသည်။ နောက်ကျရင်.. နီးရာဒုတ်ဖြင့် အရိုက်ခံရတော့သည်။

စာရေးသူ ရန်ကုန် သာသနာ့တက္ကသိုလ် ဒုတိယနှစ်ကျောင်းတက်နေစဉ် မိခင်ဖြစ်သူသည်   ဆိုင်း မဆင့် ဗုံ မဆင့် တစ်ယောက်တည်း ရန်ကုန်ကို ရောက်လာခဲ့သည်။ စာရေးသူလည်း အမေ ရောက်လာတော့ တစ်ခုခုတော့ ဖြစ်ပြီထင်တယ်ဟု စိတ်ပူမိပါသည်။ အဲဒီခေတ်က အမျိုးသမီးတစ်ယောက်တည်း  ရန်ကုန်နှင့် အညာ ခရီးသွားလာဖို့က သိပ်မလွယ်လှ။  ရွာမှ ကားလမ်းမ ရောက်ဖို့ အနည်းဆုံး (၃)နာရီလောက် လမ်းလျှောက်ရသည်။ ထိုမှတဆင့် မြင်ခြံ၊ ရန်ကုန်သို့ အဆင့်ဆင့် ကားစီးရသည်။ အသက်ကြီးရင့်သော အမေတစ်ယောက်အတွက် သိပ်လွယ်ကူသော ခရီးတော့မဟုတ်။

အမေက စာရေးသူမြင်တော့ ..မျက်နှာမလှ မျက်ရည်လေး စမ်းစမ်းဖြင့်..
“ဦးဇင်း… ဦးဇင်း.. ဟံညွန့်ကို ရဲတွေခေါ်သွားလို့..”

“ဘာ. ဘယ်လို..ဘာဖြစ်လို့…”
“ဟံညွန့်ကို ရွာလူကြီးက ..စစ်ပြေးဆိုပြီးတိုင်လို့ ပုပ္ပါးကရဲတွေ လာဖမ်းသွားတာ..”

“ဟင်..ဟုတ်လား.. ခု.. ဟံညွန့်ဘယ်မှာလဲ..?”

“အတိအကျတော့ မသိဘူး… အဲဒါကြောင့် ပြောတတ်၊ ဆိုတတ်ရှိအောင်.. ဦးဇင်းဆီ လိုက်လာတာ။ ရွာက လူကြီးတွေ အကြံပေးတာကတော့ .မင်းသား ရန်ကုန်က ဦးဇင်းခေါ်ပြီး ..ဟံညွန် တာဝန် ထမ်းဆောင်ခဲ့တဲ့ မူရင်း တပ်စခန်းကို လိုက်လို့ပြောတာပဲ ဦးဇင်း။ “

“ကဲ ဒါဆိုလဲ.. မောင်ဟံညွန် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဆွာ စစ်တပ်ကို သွားစုံးစမ်းရမှာပေါ့”
“ဟုတ်မယ်.. ထင်တာပဲ ဦးဇင်း တပည့်တော်တော့ အတိအကျ မသိတော့ပါဘူး”

“ကဲ..ကဲ..ဒါဆိုလည်း ညတွင်းချင်း ညရထားနဲ့ အမှီလိုက်ရအောင်…”

ထိုနောက်.. အမေနှင့်စာရေးသူတို့ .. ချက်ခြင်းဆိုသလို. ညရထားဖြင့် ရန်ကုန်မှ ဆွာမြို့သို့ လိုက်ပါသွားခဲ့သည်။

အမေသည် သားငယ် မောင်ဟံညွန့်အတွက် သောကများနေသည်။ စိတ်တွေလည်း ဂနာမငြိမ်၊ ရဲတွေကို တိုင်တဲ့ ရွာလူကြီးကိုလည်း မကျေနပ်ဖြစ်ကာ.. ငိုလိုက်.. ယိုလိုက်ဖြင့် .. သား ထောင်ကျမှာကို စိုးရိမ်စိတ် တွေ လွန်ကဲနေသည်။ စားရေးသူမှာ ရန်ကုန်နေတာဆိုတော့ အတွေ့အကြုံအနည်းငယ်ရှိတော့ အမေရဲ့ သောကတွေ သက်သာအောင် အနည်းငယ်ဖြောင်းဖြရသည်။ အမေသားအတွက် စိတ်မပူပါနဲ့ အကောင်းဆုံးဖြစ်အောင် ဦးဇင်းဆောင်ရွက် ပေးပါမည်ဟု တတ်သလောက် မှတ်သလောက်   ဖြောင်းဖြရသည်။

မိခင်ကြီးရဲ့ ဘဝမျက်ရည်တွေကို ဖြောင်းဖြရင်းဖြင့် မြန်မာနိုင်ငံ ကျေးလတ်ဒေသ တောသားများရဲ့ လမ်းလျှောက်ရင်း.. လမ်းပျောက်ရပုံကို စဉ်းစားမိသည်။
စာရေးသူတို့ မိသားစုသာ မဟုတ် ၊ ရွာမှာရှိသော မိသားစုတိုင်းလိုလို ရွာမှာ ဘာမှ မယ်မယ်ရရ  အလုပ် လုပ်စရာမရှိလို့ သားယောက်ျားလေး အချိန်တန်အရွယ်ရောက်ရင် တရွာတပြေထွက် အလုပ် လုပ်ရသည် ၊ မိန်းကလေးများ ကျောင်းဆက် မတက်နိုင်လျှင် ရန်ကုန်သွားပြီး  အိမ်ဖော်လုပ်ရသသည်။

အခြားနယ်သို့ လုပ်သူများ ငှက်ဖျားမိလို့ ဘဝဆုံးရှုံးရသော လူငယ်များ ရှိသလို ၊ ညီမောင် မောင်ဟံညွန့်လို့ စစ်တပ်မှာ မပျော်လို့ စစ်ပြေဘဝဖြင့် ထောင်ကျကာ.. ငှက်ဖျားမိ၍ သေသော စစ်ပြန်များလည်း မရေတွက်နိုင်။ ကျေးလတ်ဒေသ  ၊ ပညာရေးနှိမ့်ကျရခြင်း၊ လုပ်စရာ အလုပ် အကိုင်မရှိခြင်း၊ ငှက်ဖျားမိ၍ ဘဝဆုံး ပါးရခြင်းကို နိုင်ငံတော်နှင့် ကျန်းမာရေးငှာနတို့ကို အကြံပြုနိုင်ဖို့အတွေးခေါ် ပညာမရှိ၊ အချို့ရှိသော်လည်း နီးရာဓားကို ကြောက်ရ၍ ယုံကလေးလို့ နှာစေနေသူများကလည်း ဒုနှင့်ဒေး။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအရ  ကိုယ့်အကုသိုလ်ကံကြောင့်ပဲဟု စိတ်ကိုဖြေသိပ်နေကြရသည်။

စာရေးသူ ညီငယ်သည်လည်း လမ်လျှောက်ရင်း လမ်းပျောက်သူများတွင့် တစ်ယောက် အပါအဝင်                 ဖြစ်သည်။ မိခင်ကြီးသည်းလည်း   ဖခင်ကြီးဆုံးသွားပြီးနောက် ကျန်ခဲ့သော ကလေးငါးယောက်ကို သေချာ လမ်းချမပြုနိုင်။ စီးပွားရေးကလည်း အဆင်မပြေတော့ အကို၊ အမများ ကျောင်းထွက်ပြီး ၊ မိခင်ကို ကူရသည်။ စာရေးသူနှင့် ညီငယ်ကို ကျောင်းဆက်ထားသော်လည်း ညီငယ်သည်  ငါးတန်းအောင်
  သောအခါ  ကျောင်းထွက်ပြီး  များမကြာခင် စစ်ထဲရောက်သွားခြင်းဖြစ်သည်။

၂။
“ဦးဃောသက သံကြိုးစာလာတယ်…”
“ဘယ်က သံကြိုးစာလဲ?”
“ဘယ်ကလည်းတော့ အတိအကျ မသိဘူး အသက်မှီချင်ရင် အမြန်လာခဲ့ပါတဲ့၊ တောင်ငူ ရဲဖက်စခန်း တစ်ခုကပဲ”
မော်ကွန်းထိမ်းရုံမှ သံကြိုးစာသည် ရဲဖက် စခန်းက ဆိုတာနဲ့ သိလိုက်ပါပြီ  ထောင်ကျနေသော ညီမောင် တစ်ခုခု ဖြစ်ပြီးလို့။ ရဲဖက်စခန်းမှာ ညီမောင် တစ်ယောက် သေးများသွားပြီးလား  စသည်ဖြင့် အတွေးမျိုးစုံးဖြင့် ကျောင်းခွင့်တိုင်ကာ.. ညီမောင်ရှိရာ  တောင်ငူရဲဖက် စခန်းသို့ ဒုတိယအကြိမ် ရောက်သွားပြန်သည်။
ဒီတစ်ခါတော့ အရေးကြီးသည်မို့ မိခင်ကြီးကို နောက်မှ အကြောင်းကြားပြီး စာရေးသူကိုယ်တိုင် ချက်ခြင်း ညီငယ်ဆီကို ရောက်အောင်သွားပြီးမှ မိခင်ကြီးကို အကြောင်းကြားရသည်။

မိခင်ကြီးသည် “စားစရာမရှိသော်လည်း ရော်စရာရှိရမည်” ဆိုတဲ့ မြန်မာစကားလို့ ညီငယ်ရဲ့ ငှက်ဖျားရောဂါ ကုသဖို့အတွက် ရှိစုမဲ့ ဘိုးဘွားပိုင်မြေကိုရောင်းကာ အထုပ်ပိုက်ကာ တောင်ငူပြည်သူ့ဆေးရုံသို့    ရောက်လာခဲ့သည်။  အမေသည်သားဇောဖြင့် မအိပ်မနေ သားကိုပြုစု စောင်းရှောက်ကာ ၊ ကံကောင်းထောက်မ လို့ သေးမင်းလက်ထဲမှ သားရဲ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း  အချို့ ငွေမတတ်နိုင်လို့ ၊နောက်က လိုက်မယ့်သူမရှိလို့ ၊ ဆေးရုံးရောက်မှ သေးကြရတဲ့ ရဲဘော်၊ရဲဖက်များလည်း မနည်းလှပါ။

သို့အတွက် .. မြန်မာပြည်မှ လူငယ်များကို လမ်းလျှောက်ရင်း လမ်းမပျောက်ရအောင် အရွယ်ရောက် လာသော လူပျို၊ အပျိုးကလေးမျာအတွက် ဘဝရပ်တည်မှု အတတ်ပညာများ၊ ရဲဖက်စခန်းမှ အသက်မဆုံးရှုံးသင့်ပဲ အသက်သေးသွားရတဲ့စစ်ပြေများအတွက် ဖြစ်သင့်သော  လူအခွင့်အရေးများ။ စစ်သားများလည်း စစ်တပ်အတွင်း တန်းတူညီမျှ ခံစားခွင့်များ၊ နိုင်ငံရေး၊ ဘာသာရေး၊ အတွေးအခေါ်များ မြှင့်တင်သင့်ပြီးဟု စဉ်းစားမိရင်းဖြင့်… လမ်းလျှောက်ရင်း လမ်းပျောက်နေသော ကလေးငယ်များအတွက်..။

Thursday, May 10, 2012

အန်းကုန်း .. ဘယ်ကစ?

တရုတ်လို ဗိုက်ပူကြီးနဲ့ ရယ်ကာ ရွှင်ပြုံးပြုံး တရုတ်ကျောင်းတွေရဲ့ ရှေ့မျက်နှာတည့်တည့်မှာ မိန့်မိန့်ကြီးထိုင် ထိုင်နေတဲ့ပုံကို မြန်မာတွေက  “အန်းကုန်း” သို့မဟုတ် “ပုတိဘွား” လို့ခေါ်ကြပါတယ်။ တချို့ဘာသာရေး သိပ်နားမလည်တဲ့ သူတွေက အန်းကုန်းဘိုးတော်လို့တောင် ခေါ်တတ်ကြပါသေးတယ်။

အန်းကုန်း ရုပ်ထုတော်များကို တရုတ်ပြည်များတွင်သာမက ယခု မြန်မာနိုင်ငံ မေမြို့၊ မန္တလေး၊ ငါးသိုင်းချောင်းတို့မှာ ဖူးမျှော်နိုင်ပါပြီ။


 အန်းကုန်း ရုပ်ပွားတော်ကြီး ကို ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲတွင် 2002 ခုနှစ် ဇန်န၀ါရီလ 2 ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ 2005 ခုနှစ် မတ်လ 9 ရက်နေ့ တွင် ပြီးစီအောင်မြင်ခဲ့သည်။ ကျပ်သိန်းနှစ်ရာကျော် ကုန်ကျခဲ့သည်။ အန်းကုန်း ရုပ်ပွားတော်ကြီး မှာ အမြင့်ပေ 60 မျက်ခုံးတော် 9ပေ မျက်လုံးတော် 7 ပေ နားတော် 7 ပေ နှာခေါင်းတော် 7 ပေ ပါးစပ်တော် 7ပေ ကမ္ဘာလုံးတော် အတွက် အချင်း 3 ပေ ကမ္ဘာလုံးတော် လုံးပတ် 52.2 ပေ အောက်ခံအခြေ ပေ 100 ရှိကြောင်းသိရသည်။      အင်တာနက်
မြန်မာနိုင်ငံ၊ ငါးသိုင်းချောင်းမှာရှိသော အန်းကုန်း

အန်းကုန်း ( သို့) ပုတိဖွားဆိုတဲ့ အမည်သည် မြန်မာတို့၏ အခေါ်အဝေါ်ဖြစ်ပါတယ်။

တရုတ်ခေါ် မိလဖော် ( mi-lo-fwo)
ဂျပန်အခေါ်= မိရကူ (miraku)
တိဘတ်အခေါ် =ဗျာမပါ ( Byams-pa)
ဗိယက်နန်အခေါ် = ဒီလော့ ( Di-lac)
ကိုရီယားအခေါ် = မိရန် ( Mi –rug) ဟုခေါ်ကြပါတယ်။

အုန်းကုန်းအကြောင်းကို ထေရဝါဒအမြင်၊ မဟာယာနအမြင်တို့ဖြင့် ပူတွဲတင်ပြထားပါတယ်။ သမိုင်းကြောင်းနောက်ခံမှာ အားလုံးနီပါးတူညီပြီး ၊ နောက်ပိုင်း ရုပ်ထု ကိုးကွယ်လာမှုနှင့် ယုံကြည်အားထားမှုတို့မှာ တနိုင်ငံနှင့် တနိုင်ငံ ကွဲပြားခြားနားပါတယ်။

တူညီချက်

၁။ အရိမေတ္တေယျ ဘုရားလောင်း။
၂။ တာဝတိံသာနတ်ပြည်လက်ရှိနေ၍ အချိန်ရောက်သော် ဘုရားအဖြစ်လူပြည်တွင်ပွင့်မည်။            
 ၃။ မေတ္တာကိုယ်စားပြုမှု
 ၄။ ဂေါတမမြတ်စွာဘုရားထံမှ ဗျာဒိတ်တော်ရ။


ခြားနားချက်

ယုံကြည်ကိုးကွယ် အားထားမှု နှင့် ရုပ်ထုပူဇော်မှု။

ယခုမြန်မာတွေ ကိုးကွယ်ကြတဲ့ အန်းကုန်း ရုပ်ပွားတော်မှာ တရုတ်တွေရဲ့ ယုံကြည်ချက်အရ အရိမေတ္တေယျ ဘုရားလောင်းဟု ဆိုပါတယ်။
အရိမေတ္တေယျ (Maitreya) မှာ  Sanskrit မှလာပြီး ပါဠိလို မေတ္တာ ( ချစ်ခင်ခြင်း ) ဟု အဓိပ္ပါယ်ရပါတယ်။ မေတ္တာတရား၊ ကရုဏာတရားတို့ဖြင့် ပြည့်စုံသူလို့ အဓိပ္ပါယ်ရပါတယ်။

အန်းကုန်းခေါ် ( Mi-Lo- Fwo)ကို တရုတ်ဗုဒ္ဓဘာသာကျောင်းတိုင်းမှာ ဖူးတွေ့နိုင်ပါတယ်။  အန်းကုန်း ရုပ်ပွာတော်ဟာ ကျောင်းတိုက်ရဲ့ ဝင်ဝ အလယ်တည့်တည့်မှာ ပူဇော်ခံလေ့ရှိပြီး။ အန်းကုန်းကို ကိုးကွယ် ဆည်းကပ်ခြင်းအားဖြင့် စီးပွားဥစ္စာတိုးတတ်တယ်လို့ ယုံကြည်ကြပါတယ်။ တချို့က ( Mee- Luh) လို့လည်း အသံထွက်ခေါ်ဝေါ်ကြပါတယ်။


တရုတ်ကျမ်းစာအရ ယခု အန်းကုန်းဟာ တာဝတိံသာမှာရှိပြီး၊ ဂေါတမမြတ်စွာဘုရားရဲ့ ဗုဒ္ဓအမွေကို ဆက်လက်ခံယူမည်သူဟု ဆိုပါတယ်။ တိဘတ်တွေရဲ့ယုံကြည်မှုအရ အန်းကုန်း ရုပ်ထုကို ထုလုပ်ကိုးကွယ်မယ်၊ ဂါထာတွေကို ရွက်မယ်ဆိုရင် သေလွန်တဲ့အခါ တာဝတိံသာရောက်ပြီး အရိမေတ္တေယျ ဘုရားလောင်းနဲ့ ဖူးတွေ့ရမယ်လို့ဆိုပါတယ်။

အန်းကုန်းရဲ့ ရုပ်ထုတော်ဟာ အမြဲပြုံးနေတတ်ပြီး ၊တည်ငြိမ် ၊အေးချမ်းတဲ့ အသွင်ကိုဆောင်ပါတယ်။ သူရဲ့ ဘယ်ဖက် လက်မှာ ကြာပန်းကို ကိုင်ထားပြီး၊ အဲဒီကြာပန်းဟာ ဓမ္မစကြာတရားဦးဒေသနာကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ညာဖက်မှာ varad mudra ခေါ် စိတ်ပုတီးကိုလည်း ကိုင်ဆောင်တတ်ပါတယ်။ ဒါကတော့ စီးပွားရေး အတွက် အကူအညီလို့လည်း အဓိပ္ပါယ်ကောက်ယူကြပါတယ်။

အုန်းကုန်း ရုပ်ထုများကို များသောအားဖြင့် ကြာပန်းပေါ်မှာ ထိုင်နေတဲ့ပုံကို ထုလုပ် ကိုးကွယ်လေ့ရှိပြီး ပျော်ရွှင်စေတဲ့ ဗုဒ္ဓ၊ ထာဝရမိခင်ကြီးသဖွယ် သတ္တဝါတွေကို သနားကြင်နာတတ်တဲ့ ဗုဒ္ဓ၊ အားနည်း သူကို အားပေးသူ၊ အမှန်တရား ဖက်မှ ရပ်တည်သူအဖြစ်လည်း ယုံကြည်ကြပါတယ်။ ထို့အတူ ပညာအရာမှာလည်း အရိမေတ္တေယျကို အားထားကြပါတယ်။
ကိုးရီယာကတော့  အန်းကုန်းကို - ကလေးမွေးပေးသူ ၊ ကလေးတွေကို စောင့်ရှောက်သူအဖြစ် ယုံကြည်ကြပါတယ်။ ဒါကြောင့် တချို့ အန်းကုန်း ရုပ်ပွားတွေမှာ ကလေးတွေနဲ့ တပွေ့တပိုက် တွေ့နိုင်ပါတယ်။

ဂျပန်လူမျိုးတွေကတော့ ယောက်ျား၊ မိန်းမ ဆက်ဆံရေးမှာ အဆင်ပြေအောင် ကူညီဆောင်ရွက်သူအဖြစ်လည်း ယုံကြည် ကိုးကွယ်ကြပါတယ်။

                                   အန်းကုန်း  ဗိုက်ပူရခြင်းအကြောင်း…

အန်းကုန်းကို  ဖျင်လွယ်အိတ်ကြီးလွယ်ထားတဲ့ ရဟန်းတစ်ပါးအနေနဲ့လည်း တွေမြင်နိုင်ပါတယ်။ Chan မင်းဆက်လက်ထက် ( 907- 1060) Cheking ပြည်သား ရဟန်းတစ်ပါးကို အကြောင်းပြုပြီဖြစ်လာရတာပါ။

အဲဒီ တရုတ်ရဟန်းတော်ဟာ Tang မင်းဆက်အပြီး Wu-Tai မင်းဆက်မှာ ခရီးသွား သာသနာပြု ရဟန်းတစ်ပါး အဖြစ် ထင်ရှားပါတယ်။ သူဟာ ရဟန်းတစ်ပါးလို သင်္ကန်းဝတ်သော်လည်း အလွန်အေးချမ်းလှသော ဆောင်းရာသီတွင်  စနိုးပေါ်မှာ မအေးမချမ်း ၊ မစွတ်စိုပဲ ၊ နေနိုင်တယ်လို့ ဆိုပါတယ်။  နောက်ပြီး သူဟာ အတိတ်၊ အနာဂတ်ကို မြင်နိုင်၊ ကြားနိုင်သူရယ်လို့လည်း ထင်ရှားပါတယ်။ တချို့မှတ်တမ်းတွေ အရဆိုရင် သူမှာ နောက်မျက်စေ့ ပါတယ်လို့တောင် ဆိုကြပါတယ်။

တခါတရံမှာ သူဟာ  သူ့လိုအပ်ချက်မျာ သယ်ဆောင်ဖို့ လွယ်အိတ်ကြီးကြီး လွယ်ထားတဲ့ ယောဂီအဖြစ်နဲ့လည် ဖူးတွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူကို လူတွေက “ အရိမေတ္တေယျ” ဘုရားလောင်းအဖြစ် ကိုးကွယ်လာကြပါတယ်။ သူ ပျံလွန်တော်မူပြီးနောက်   အရိမေတ္တေယျ  ဘုရားလောင်းခေါ် အန်းကုန်းကို ကိုးကွယ်တဲ့သူတွေဟာ အဲဒီ တရုတ်ရဟန်းတော်ရဲ့ ပုံကို ၊ ပုံတူယူပြီ  ဗိုက်ပူကြီးနဲ့ ထုလုပ်လာတယ်လို့ သမိုင်းအထောက် အထားများအရ သိရပါတယ်။ အနောက်တိုင်းသားတွေကတော မိန့်မိန့်ကြီး ပြုံနေတာကိုကြည့်ပြီး Happy Buddha လို့ ခေါ်ဝေါ်တတ်ကြပါသေးတယ်။

နောက်ပိုင်းး ကာလရွေ့လျောလာတာနဲ့မျှ ကိုးကွယ်အားထားမှုများလည်း အမျိုးမျိုးကွဲပြားလာပြီး အမျိုးသမီးများက အန်းကုန်းရဲ့ ဗိုက်ပူကြီး ကို ပွတ်ပေးရင်.. မိမိလိုချင်တဲ့ သား၊သမီးကို ရနိုင်တယ်လို့ ယုံကြည်လာတာကြောင့် အမျိုးသမီး တော်တော်များများက အန်းကုန်းရဲ့  ဗိုက်ကြီး ပွတ်သပ် ပူဇော်တတ်ကြပါတယ်။

အန်းကုန်းရဲ့ နောက်ခံသမိုင်းကို တိတိကျကျ မသိကြတဲ့ မြန်မာတရုတ်များကတော့ တရုတ်နှစ်သစ်ကူးမှာ စီးပွားဥစ္စာ တိုးတက်အောင်လို့ဆိုပြီး စားစရာ၊ သောက်စရာ ဝိုင်အရက်တို့ဖြင့်  အန်းကုန်းဘိုးတော်ကို ဆက်သတက်ကြပါတယ်။


အန်းကုန်းနောက်ခံသမိုင်းကို  ထေရဝါဒ နည်းဖြင့် လေ့လာကြည့်သော်

               အရိမေတ္တေယျ ဘုရားလောင်း အဇိတမင်းသား ရဟန်းပြုခြင်း

အဇာတသတ်မင်းကြီး၏ မိဖုရား ကဉ္စနဒေဝီ တို့၏ သားဖြစ်သောကြောင့် အဇိတဟု ခေါ်ပါတယ်။  ခမည်းတော် အဇာတသတ်မင်းကြီးသည် “ မြတ်စွာဘုရား၏ အမွေတော်ကို ခံတော်မူပါ”ဟု တိုက်တွန်းချက် ကြောင့် နောက်ပါမင်းသား ငါးရာခြံရံလျှက် ဝေဠုဝန်ကျောင်း၌ ရဟန်းပြုတော်မူသည်။  ထိုနောက် အဇိတ မထေရ်ဟု အမည်ရကာ မြတ်စွာဘုရားနှင့်အတူ ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်းတွင် သတင်းသုံတော် မူသည်။

                                        ပဇာပတိဂေါတမီရဲ့ ရွှေသင်္ကန်း

မိထွေတော် ဂေါတမီသည် မိမိကိုယ်တိုင် စိုက်ပျိုး၊ ယက်လုပ် ချုပ်စပ်ထားသေား ရွှေသကန်းကို မြတ်စွာဘုရား အား လှူဒါန်းသောခါ မြတ်စွာဘုရားက တစ်ထည်သာ အလှူခံပြီး ၊ ကျန်တစ်ထည်ကို သံဃာတော်အား လှူဒါန်း စေပါသည်။  သို့သော် အဖိုးတန်သော မိထွေးတော် လှူသော ရွှေသင်္ကန်းကို  အရှင်သာရိပုတ္တရာစသော ရှစ်ကျိပ်သော မထေရ်တို့သည် အလှူမခံဝံ့ကြပါ။  ထိုအခါ  ဘုရားလောင် အရိမေတ္တေယျကား  မိထွေးတော် အကျိုးကို မျှော်ခိုး၍ သံဃာ့ပရိတ် အလယ်၌ မကြောက်မရွံ့ ရဲ့ရဲ့ဝံ့ဝံ့ အလှူခံတော်မူပါသည်။

ဤအချင်းအရာကို မြင်ကြတဲ့ ပုထုဇဉ်ရဟန်းများက .. မဟာသာဝကများပင် အလှူမခံဝံသော  ရွှေသင်္ကန်းကို အညတြရဟန်းလေးက  အလှူခံသတဲ့ ဟု ကဲ့ရဲ့ပြင်တင် ရှုတ်ချသောအခါ.. မြတ်စွာဘုရားက.. ဤရဟန်း လေးသည် သာမညမဟုတ် ပါရမီဆယ်ပါး ကို ဖြည့်ဆီးနေသော နောင်အခါပွင့်မည့် ဘုရားလောင် မေတ္တေဖြစ်ပါသည်ဟု ဇာတ်ကြောင်းစုံလင်ကို ဟောပြတော်မူသည်။

                                သပိတ်တော် ကောင်းကင်လွှတ်၍…

ထိုနောက် ဘုရားရှင်က အာနန္ဒာဆီမှ နတ်သားလေးယောက် ကယ်လှူထားသော မြသပိတ်ကို လက်ဝါးပေါ် တင်၍ လွှတ်တင်လိုက်လေသော် မြတ်သပိတ်သည် အတိုင်းမသိ စကြာဝဠာကို လွှမ်း၍ သွားလေ၏။ ထိုသပိတ်ကို ရှစ်ကျိပ် မထေရ်ကြီးတို့အားလည်းကောင်း ၊ အခြားရဟန်းတို့အားလည်းကောင် ယူစေသော်လည်း  တစ်ပါးမှ အယူဆောင်နိုင်ခြင်းမရှိ။ နောက်ဆုံး မြတ်စွာဘုရား ခိုင်းစေချက်ကြောင့် အဇိတထေရ် ယူဆောင်တော် မူလေသည်။

ထိုနောက် မိမိအလှူခံရသော ရွှေဖျဉ်စကို မြတ်စွာဘုရား၏ ညောင်စောင်းထက်မှာ ဗိတာန်ကြက်၍ မျက်နှာချက် လုပ်လှူပြီး ဤကောင်းမှုကြောင့် တပည့်တော်ဘုရားဖြစ်သည့်အခါ တဆယ့်နှစ်ယူဇနာရှိသော မျက်နှာ ဗိတာန် ဖြစ်ပါစေဟု ဆုတောင်းတော်မူသည်။

အရှင်အာနန္ဒာရဲ့ လျှောက်ထားချက်ကြောင့် မြတ်စွာဘုရားက အဇိတမင်းသားအား ဤဘဒ္ဒကမ္ဘာ၌ အရိမေတ္တေယျ ဘုရားလောင်းဟု ဗျာဒိတော်ပေးတော်မူပြီး  အရှင်သာရိပုတ္တရာ လျှောက်ထားချက်ကြောင့် အနာတဝင်ကျမ်း ဟောတော်မူသည်။

                                       ငါးပါးသော ကွယ်ခြင်း

၁) ပဋိသမ္ဘိဒါခေတ်ကွယ်ခြင်း။
၂) မဂ်၊ ဖိုလ်ကွယ်ခြင်း
၃) အကျင့်ကွယ်ခြင်း
၎) ပရိယတ္တိ ပိဋကတ်သုံးပုံ ကွယ်ခြင်း
၅) သံဃာကွယ်ခြင်း

၁) အနှစ်ငါးရာကျော် တစ်ထောင်းအတွင်း ပဋိသမ္ဘိဒါလေးပါးပြည့်စုံသော ရဟန္တာကွယ်မည်။
၂) ထိုနောက် သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်သာ ရနိုင်တော့မည်။
၃) ရဟန်တော်များ ပါရာဇိက သာလျှင်စောင့်ခြင်း အနှစ်တစ်ထောင်တည်ပြီးနောက် အကျင့်သီလ ပျက်စီးပြီး အကျင့်ကွယ်လိမ့်မည်။
၎) မင်း၊ မူးမတ်၊ တိုင်းပြည်အုပ်ချုပ်သူ ၊ စစ်သူကြီး၊ ရပ်ရွာလူကြီးတို့ တရားမစောင့်ခြင်းကြောင့် မိုလေးလေဝသ ခေါင်းပါးမည်၊ ပစ္စည်းလေးပါ ထောက်ပံမည့်သူရှားပါ၍၊ ပရိယတ္တိတာဝန် မထမ်းဆောင်နိုင်ကြတော့ပဲ ပဋ္ဌာန်း  ကျမ်းမှစတင်၍ ကျမ်းကြီး ကျမ်းငယ် အသွယ်သွယ် ကွယ်ကြမည်။
၅) နောက်ဆုံ သင်္ကန်းမဝတ်ကြတော့ပဲ သံဃာရဲ့အသွင်အပြင်ကွယ်မည်။

သာသနာကွယ်ပြီးနောက် နိမ္မိတဗုဒ္ဓက တန်ခိုးပြကာ တရားဟောခြင်းဖြင့် ကုဋေတစ်သိန်းသော နတ်၊ ဗြဟ္မာအပေါင်း ကျွတ်တန်းဝင်မည်။

                              ဆုတ်ကပ် အပိုင်းအခြား..

ထိုနောက် လူလောကသည် အမိုက်အတိဖြစ်၍ အသက်တိုကာ ငါးနှစ်သာ ရှိသော ယောက်ျား၊ မိန်မ အိမ်ထောင်ပြုလိမ့်မည်။ ကပ်ကြီးသုံးပါဆိုက်ရောက်ကာ နတ်ပြည် ၊ ငရဲပြည် ၊ ပြိတ္တာပြည်သို့ရောက်ကြလိမ့်မည်။

ထိုအခါ ဝိသကြုံနတ်သားက  .. လူတွေသည် ယနေ့မှစ၍ (၇) ရက်တိုင်းသော် အချင်းချင်း သတ်ဖြတ်စားလတ္တံ၊ စားသောက်ပြီး အရိုးအသားတို့ပြည့်လတ်သော် မိုးကြီးရွာချ၍ ပုန်းအောင် နေသူတို့ ကောင်းမွန်စွာ သီလ ဆောက်တည်နေကြလိမ့်မည်ဟု ကြေညာသော်  သီတင်းသီလ ဆောက်တည်သူတို့သာ လူလောကတွင် ကျန်ရစ်လိမ့်မည်။

                                တက်ကပ်အပိုင်းအခြား

လူတိုသည့် ဆယ်နှစ်မှ စ၍ အသင်္ချေယျထိ တက်သွား၏။ ထိုနောက် ပြန်လည်ဆုတ်ကာ  တစ်သိန်းတန်းသို့ ရောက်သောအခါ လူတွေသည် နတ်သားတမျှ  ကျန်းကျန်းမာမာ ပြည့်ပြည့်စုံစုံ နေရတော့သည်။

                                 အရိမေတ္တေယျဘုရားလောင်း ပဋိသန္ဓေယူ

ရတနာ (၇)ပါး ဆင်း၊ မြင်း၊ရထားစသော ဗိုလ်ပါ (၇) ပါးနှင့်ပြည့်စုံသော ကေတုမတီပြည်ကြီးမှာ  သင်္ခစကြာဝတေး မင်း စိုးစံလိမ့်မည်။  စကြာဝတေမင်းရဲ့ တန်ခိုးကြောင့် တိုင်းပြည်မှာ သာယာလျှက်ရှိပြီး ၊ ဥတု သုံးပါးလည်း မျှမျှတတရှိလှ၏။ ဤအချိန်က လူပြည်သည် တာဝတိံသာ နတ်ပြည်နှင့် ထူးမခြားလှပေ။

ထိုအခါ မေတ္တယျဘုရားလောင်း (၁၆) သင်္ချေ ကမ္ဘာတစ်သိန်း ပါရမိပြည့်၍ တသောင်းသော စကြာဏဠာမှ နတ်ဗြဟ္မာတို့ရဲ့   တောင်းပန်မှုကြောင့် တာဝတိံသာ နတ်မည်မှ  (၁၈) ကုဋေသော အခြံအရံနှင့်တကွ ကေတုမတိ မင်းနေပြည်တော် သင်္ခစကြာဝတေးမင်း၏ ဆရာ သုဗြဟ္မပုဏ္ဏားကြီးနှင့် ဗြဟ္မဝတီ မည်သော ပုဏ္ဏေမတို့၌ ပဋိသန္ဓေတည်ပြီး ဣသိပတန သမင်းတောမှာ  မွေးဖွားပြီးလျှင် “ အဇိတ” အမည်ခေါ်ကြလိမ့်မည်။

                             လောကစီးစည်နှင့် အိမ်ထောင်ဖက်

အဇိတမင်းသာလေးသည် လောကီစည်းစိမ် အထွေထွေကိုခံစားပြီး စန္ဒမိုခီမည်သော မိဖုရားနှင့် အိမ်ထောင်ကျကာ အနှစ် တစ်သောင်းခန့်တွင် ဗြဟ္မာဝံသ အမည်ရသော သားတော် တစ်ပါး ဖွားမြင်မည်။

                            ဘုရားလောင်း တောထွက်ခန်း နှင့်ဘုရားဖြစ်ခန်း

နိမိတ်ကြီးလေးပါးမြင်၍ တောထွတ်တော်မူမည်။  သက်တော်ကာ တသိန်းတန်းဖြစ်၍ အနှစ်ရှစ်သောင်း နေရလိမ့်မည်။ အရိမေတ္တေယျဘုရားလောင် အရပ်တော်ကား အတောင်ရှစ်ဆယ်၊ မျက်တွင်းတော်၊ ခံတွင်းတော်တို့ ငါးတောင်စီရှိပြီး နာရွက်တော် အစောက်လည်း ငါးတောင်ရှိလိမ့်မည်။  အရိမေတ္တေယျသည် ကံကော်ဗောဓိမဏ္ဍိုင် အဆင်းနှင့်တူသော တလင်းပြင်၌ ကောင်းကင်မှ သက်ဆင်း၍ (၆) နှစ် ဒုက္ကရစရိယာ ကျင့်တော်မူမည်။  စန္ဒမုက္ခီ မိဖုရားရဲ့ နို့ဆွမ်းကို ဘုဉ်ပေးတော်မူပြီး မဟာမဏ္ဍိုင် ကံကော်ပင် အောက်ဝယ် ဥာဏ်စဉ်လေးပါးကို အဆင့်ဆင့် သိတော်မူမည်။ ဘုရားဖြစ်ပြီသော အခါ “ဗုဒ္ဓရာဇာ”   ဟု အမည်ခေါ်လိမ့်မည်။
ရှေးဘုရားများ နည်းတူ တရားဟောရန်  ၊ ရွှေမဏ္ဍပ် ၊ ရွှေခေါင်းလာင်းကြီးများ ပေါ်ပေါက်လာမည်။  သတ်တော် ရှစ်သောင်းစေ့သော် ပရိနိဗ္ဗာန်စံဝင်ပြီး  သာသနာတော် အနှစ်သုံးသိန်ရှစ်သောင်း ထားရှိခဲ့မည်။

                                အရိမေတ္တေယျ ဘုရားဖူးမြင်ခွင့်ရမည့်သူများ

၁) သာသနာတော်၌ ကောင်းစွာ ရဟန်းပြု၍ ဝိနည်းတော်နှင့်အညီး ကျင့်ကြံနေထိုင်သူ။
၂) မိမိ၏ သား၊ သမီး မြေးတို့ကိုလည်းကောင်း ၊ သူတစ်ပါး သား၊ သမီးတို့ကိုလေည်းကောင်း ရှင်ပြု   ရဟန်းခံပေးသူ။
၃) မိဘကိုလုပ်ကျွေးသူ။
၎) သရဏဂုံ၊ ငါးပါးသီလ၊ ကမ္မဋ္ဌာန်းဘာဝနာကို မပြတ်ပွားများသူ။
၅) သာသနာတည်စိမ့်သောငှာ စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်း ၊ ကံ ၊ ဇရပ် တည်ဆောင်လှူဒါန်းသူ၊ ဗောဓိညောင်ပင် စိုက်ပျိုး လှူဒါန်းသူ၊
၆) ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး လှူဒါန်းသူ၊ ညောင်ရေသွန်းလောင်းသူတို့သည် အရိမေတ္တေယျ ဘုရားကို ဖူးတွေ့၍ ကျွတ်တန်း ဝင်ကြလိမ့်မည်။

အရိမေတ္တေယျဘုရား သာသနာ သုံသိန်းခြောက်သောင်း ကွယ်လတ်သော် ကမ္ဘာကြီး ဘုရားမပွင့် ဆိတ်သုဉ်းပြီး သုညကမ္ဘာအဖြစ် ကမ္ဘာတစ်သိန်းဖြစ်လိမ့်မည်။

                              အရိမေတ္တေမြတ်စွာဘုရား ထူးခြားချက်

အရိမေတ္တေယျ မြတ်စွာဘုရားသည် သွားလေရာ၊ နေလေရာတိုင်း၌ ရွှေဝါရောင် တောက်ပနေ၏။ ထိုသို့ဖြစ်ဖြစ်ရခြင်းမှာ ပါရမိဖြည့်စဉ်က မြတ်စွာဘုရားအား ပင်ပန်းကြီးစွာ ခန္ဓာကိုယ်အရင်းပြု၍ သွားရောက်ဖူးမျှော်ပြီး မိမိဦးခေါင်းကို လးက်သဲနှင့်လှီးဖြတ်ပြီး ပူးဇော်ကာ.. “တပည့်တော်သည် အရှင်ဘုရားကဲ့သို့ သစ္စာလေးပါးတရားကို ဟောပြနိုင်သော ဘုရားဖြစ်ပြီး ၊ အကျွုန်ုပ်ကိုယ်တော်သည်လည်း နေ့ညဥ့်မပြတ် ကိုယ်ရောင် ကိုယ်ဝါ တောက်ပပါစေသတည်းဟု ဆုတောင်းချက်ကြောင့်ဖြစ်ပါသည်။

         ( မဟာဗုဒ္ဓဝင်ကျမ်းနှင့် အင်တာနက် အန်းကုန်း အထောက်အထားတို့ကို စုစည်းတင်ပြပါသည်)

Sunday, May 6, 2012

နှစ်ဦးသားမှ ပေါက်ဖွားလာခြင်းကို အချစ်ဟုခေါ်သည်....

(24H News မှ Love is what two people make it ကို ဘာသာပြန်ပါသည်)

အချစ်ဆိုတာ ဘာလဲ?

  ကျမ ကလေးဘဝက အချစ်ဆိုတာ ပုံပြင်ဒဏ္ဍာရီတွေ ထဲကလိုပဲလို့ ယုံကြည်လက်ခံခဲ့ဖူးပါတယ်။  ကျမရဲ့ လက်တွေ့ ဘဝမှာလည်း  ကလေးဘဝက ပုံပြင်ထဲက မင်းသာလေးကို သဲသဲမဲမဲ ရှာခဲ့ဖူးပါတယ်။  ကျမ ပုံပြင်ထဲက မင်းသားလေးကို ရှာတိုင်း စိတ်တိုင်းမကျပဲ ၊ စိတ်ပျက်၊ လက်ပျက်ပဲဖြစ်ခဲ့ရပါတယ်။ ကျမ ရှာတွေ့တဲ့ မင်းသားတိုင်းဟာလည်း ဘယ်တော့မှ ပုံပြင်ထဲက မင်းသားလေးလို စိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။

ဒါကတော့ ကျမ လက်တွေ့ကျကျ ခံစား တွေ့ကြုံရတဲ့ ယနေ့ အချစ်ဆိုတာပါပဲ။

အချစ်ဆိုတာ ဘာရယ်လို့ တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့သိပ်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ အသွင် မျိုးစုံ၊ ပုံသဏ္ဍန်မျိုးစုံလို့ပါပဲ။
တခါတစ်လေမှာ အချစ်ဟာ အရာအားလုံးထက် သာလွန်နေတာ တွေ့ရတက်ပါတယ်။ အချစ်ဟာ ဘဝအတွက် စွမ်းအင်တွေ၊ ခိုင်မာမှုတွေနဲ့ တည်ဆောက်ထားတယ်လို့ ခံစားရသလို ၊ တခါတရံ  အချစ်ဟာ လှုံခြုံစိတ်ချရတယ်။ ကျောက်တောင်ကြီးလို့ ခိုင်မာမှုရှိတယ်လို့ခံစားရပါတယ်။

အချစ်ဟာ ပုံသဏ္ဍန်မှ.. အမြစ်တွယ်လာသောအခါ ..  အမြဲစွဲလမ်းလေ့ရှိပြီး ပုံသဏ္ဍန်အမျိုးမျိုးနဲ့ အချစ်ရဲ့ ကိုယ်ဟန်ပြတော့တာပါပဲ။


ကျမရဲ့ အတွေ့အကြုံအရ  အချစ်ဟာ ခံစားမှု သက်သက်မဟုတ်သလို ၊ အချစ်ဟာ ထိုခံစားမှု အထွဋ်အထိပ်ကို ရှာဖွေဖို့ နေရာတခုလည်း မဟုတ်ပါဘူး။  အချစ်ဆိုသည်မှာ  တာဝန်ယူတတ်ခြင်း၊ တန်ဖိုးထားတတ်ခြင်းနဲ့ ၊ ယုံကြည်ခြင်းတို့ပါဝင်ပါတယ်။  နှစ်ဦးသား တာဝန် သိသိနဲ့  ဝမ်းမြောက်ဝမ်းသာ လက်ခံဂုဏ်ယူခြင်းကို အချစ်ဟုခေါ်ပါတယ်။

အချစ်ဟာ ဆက်လက်တည်ဆောက်ရမယ့် ကြိယာ တစ်ခုသာ သာဖြစ်ပြီး ၊ အချစ်ဟာ ခရီးဆုံးပန်းတိုင် မဟုတ်သလို ၊ ခေတ္တနားခိုရာ နေရာတခုလည်း မဟုတ်ပါဘူး။

အကယ်၍ တစ်ယောက်ယောက်က မင်းကို နာကျင်စေတယ် ၊ ဝေဒနာတွေ ခံစားစေတယ်ဆိုဦးတော့၊  ဒါဟာ... မင်းကို မချစ်လို့  ရက်စက်သွားပြီးလို့ မဆိုနိုင်ပါဘူး။



ကျမ ယောက်ျာလေး တစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်ခဲ့ဖူးပါတယ်။ သူဟာလည်း ကျမကို သူမှာရှိတဲ့ အရာအား လုံးထက် ချစ်မြတ်နိုးပါတယ်။ ကျမကို အသက်ထက်အောင် ချစ်ပါတယ်ဆိုတဲ့ ယောက်ျားလေးကပဲ  ၊ ကျမ မယုံကြည် လက်မခံနိုင် လောက်အောင် ကျမ နှလုံးသားကို နာကျင်စေခဲ့ပါတယ်။

ကျမ အချစ်ကို သဘောပေါက်လိုက်တာကတော့ ..  တစ်ယောက်ယောက်ကို  အသဲနှစ်အောင် ချစ်နေစေဦးတော့...  ဝန်တိုမှုစတဲ့ ကိုယ့်အတွေးအမြင်တွေရှိနေရင်.. အချစ်ရဲ့စစ်ပွဲတွေ၊ အချစ်ရဲ့မိစ္ဆာတွေ၊ အချစ်ရဲ့ရှုပ်ထွေးမှုတွေ ရှိနေဦးပါဆိုတာပါပဲ။

ဒီလိုအခြေအနေမျိုးမှာ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ မကြံစည် မရည်ရွယ်ထားတဲ့ ဆုံးဖြတ်ချက်တွေ တဖက်သား အား နာကျင်မှုတွေ ဖြစ်စေတော့တာပါပဲ။

ကျမကိုယ်တိုင်းလည်း အချစ်တက္ကသိုလ်မှာ  လေ့လာနေဆဲ အချစ်ကျောင်းသူပဲ ရှိပါသေးတယ်။  ဒါကတော့ ယနေ့ ကျမ လက်တွေ့ ခံစားရတဲ့  အချစ်ရဲ့အဓိပ္ပါယ်ပါပဲ။


အချစ်ဆိုတာ တာဝန်သိတတ်ခြင်း၊ အချစ်ဆိုတာ ထာဝရ  ရှင်သန်အောင် ဆောက်တည်ရမယ့် အရာ၊ အချစ်ဆိုတာ ခံစားမှု သက်သက်အတွက် အရာဝတ္ထုတခု မဟုတ်ပါ။
မှန်ပါတယ်…

အချစ်စစ် အချစ်မှန်ဆိုတာ နှစ်ဦးသား ချစ်ခင်ကြင်နာစွာနဲ့ အရာရာကို မျှဝေခံစားရမယ် ၊ ဒါဆိုရင် အချစ်ဟာ ပုံပြင်ဒဏ္ဍာရီထဲ ဇာတ်လမ်းလေးလို မဟုတ်ရင်တောင်မှ နှစ်ဦးသားကို ဖမ်းစားတတ်တဲ့ အချစ်မျက်လှည့်ပွဲ တစ်ခုလောက်တော့ဖြစ်မှာပါ။

သင်ဟာ .. အချစ်အတွက် စွန့်စားရဲရမယ်၊ သင်ဟာ.. အချစ်အတွက် ပေးဆပ်ရဲရမယ်၊  “ မယ် တထမ်း ၊ မောင် တရွက်” ဆိုတဲ့ မြန်မာ စကားပုံလို  ချစ်သူ နှစ်ဦးသားရဲ့ ဘဝ ဝန်ထုပ် ဝန်ပိုးတွေကိုလည်း သယ်ပိုးရပါမယ်။


အချစ်နဲ့ကြုံတွေ့ရတဲ့ အရာအာလုံးကို နှစ်ဦးသား အတူတကွ ဖြေရှင်ရပါမယ် ၊ ဒါမှသာ အချစ်စစ် အချစ်မှန် ဖြစ်လာပါမယ်။

တခါတရံမှာ သင်ဟာ  အချစ်ကို ကာရံမဲ့ ကဗျာ တပုဒ်လို ရေးစပ်ခဲ့မယ်ဆိုရင်တော့  ၊ အချစ်က    
  “ ဘာကြောင့်” ဆိုတဲ့ အကြောင်းပြချက် တစ်ခုခု တောင်းနေဦးမှာပါပဲရှင်..။

Followers

My Blog List